လယ်သမားတို့၏ မိုးကြိုဆန္ဒ

10
data-language="en">

မိုးဦး ကျပြီ။

၂၀၁၉ ခုနှစ် မိုးဦးကာလမှာမြန်မာနိုင်ငံအတွင်းသို့အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလ တတိယပတ်ထဲတွင် မုတ်သုံ ဝင်ရောက်ခဲ့သည်။ တောင်သူလယ်သမားတို့ မိုးစပါးရာသီလည်း စတင်လေပြီ။

“ထွန်စက်ခက နှစ်သောင်း၊ ပျိုးနုတ်ခက လေးသောင်း၊ ကောက်စိုက်ခလေးသောင်း၊ နေ့စားခ ငါးသောင်း၊ ဓာတ်မြေဩဇာက ငါးသောင်း ခြောက်ထောင်၊ ပေါင်းလိုက်တော့ နှစ်သိန်းနဲ့ ခြောက်ထောင်”ဟု ဘဏ်မှ ထုတ်ယူလာစ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေငွေစက္ကူတစ်ထပ်ကို ပြန်ရေတွက်ရင်းသထုံမြို့နယ် ကတိုက်ကလေးကျေးရွာသား လယ်သမား ကိုကျော်ဇင်ဦးက တစ်ဧကအတွက် ကုန်ကျစရိတ်ကို ယင်းသို့ တွက်ချက်ပြသည်။

data-language="en"

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူ လယ်သမား များသို့ မေလ ၆ ရက်နေ့မှ စတင် ထုတ်ချေးပေးခဲ့သည်။ ချေးငွေနှုန်းထားမှာ စပါးသီးနှံကို တစ်ဧကကျပ်တစ်သိန်းခွဲနှုန်း၊ အခြား သီးနှံများကိုတစ်ဧက ကျပ်တစ်သိန်းနှုန်း ဖြစ်သည်။

“တစ်ဧကကိုငွေနှစ်သိန်းလောက်ချေးပေးနိုင်မယ်ဆိုအဆင်ပြေမှာပဲ”ဟုကိုကျော်ဇင်ဦးက တောင့်တသည်။

ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာလယ်ကွင်းမှ လယ်သူမ ဒေါ်အေးသန်းက ယခု အစိုးရမှ ထုတ်ချေးပေးသော တစ်ဧက ကျပ် တစ်သိန်းခွဲနှုန်းမှာ စိုက်ပျိုးစရိတ်အတွက်သာ လုံလောက်ကြောင်း မှတ်ချက်ပြုသည်။

စိုက်ပျိုးစရိတ်မှာ တစ်ပြည်နယ်လုံးတွင်တစ်ပြေးညီတည်းတော့ မဟုတ်ချေ၊ ဒေသအလိုက် ကွာဟချက်လည်း အနည်းနှင့် အများ ရှိလေသည်။

ဘီလူးကျွန်းတွင် လယ် ၉ ဧက စိုက်ပျိုးထားသူ ဒေါ်အေးသန်း က မိုးစပါးစိုက်ပျိုးရန် တစ်ဧကလျှင် ထွန်ယက်စရိတ် အနည်းဆုံး ကျပ် ၄၀၀၀၀ ၊ ပျိုးနုတ်စရိတ် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ၊ ကောက်စိုက်စရိတ် ကျပ် ၇၀၀၀၀ မှ ၈၀၀၀၀ ထိ ပျမ်းမျှအားဖြင့် ကုန်ကျကြောင်းတွက်ချက်ပြသည်။

ယခုနှစ် မိုးစပါးရာသီတွင် မွန်ပြည်နယ်အတွင်း ၁၀ မြို့နယ်ရှိမိုးစပါးစိုက် တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သန်း၄၅၀၀၀ ကျော်ကို ထုတ်ချေးပေးသွားရန်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလျာထားသည်။

“ဒီနှစ်ကတော့ ကျပ် ၄၅ ဘီလျံ ချေးဖို့ လျာထားတယ်”ဟု အထက်ပါဘဏ်၊ မွန်ပြည်နယ်ဘဏ်ခွဲမှ ကြီးကြပ်ရေးမှူးဒေါ်မင်းမင်းသက်ကြည်က ဟင်္သာကိုပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂,၀၁၇ဘီလျံထုတ်ချေးသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကပြောဆိုထားသည်။ အဆိုပါ ဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှု
များနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် ၂၀၁၇-၂၀၁၈ က စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁,၇၀၇ ဘီလျံသာထုတ်ချေးထားသည့်အတွက်လက်ရှိဘဏ္ဍာနှစ်တွင်ယခင်နှစ်ထက်စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလျံ ၂၁၀အထိ ပိုမိုထုတ်ချေးလိုက်သည့် အနေအထားပင်။

မွန်ပြည်နယ်တွင် ယမန်နှစ်ကကျပ် ၄၂ ဘီလျံသာ ထုတ်ချေးနိုင်ခဲ့ပြီးယခုနှစ်အဖို့ ၃ ဘီလျံ ပိုမိုလာကြောင်းသိရသည်။

သို့တစေ လယ်သမားတို့ဘက်တွင်လည်း စိုက်ပျိုးစရိတ်မှာ သူ့နည်းသူ့ဟန်နှင့် ထပ်မံ လိုအပ်ဆဲပင်။

ချောင်းဆုံမြို့နယ်တွင် လယ်ဧက ၂၀ စိုက်ပျိုးလုပ်ကိုင်သော လယ်သူမ ဒေါ်ဝင်း က မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအတွက် အစိုးရက ၁၀ ဧကစာသာထုတ်ချေးပေးသည့်အတွက် ယခုထက် ပိုမိုရရှိနိုင်ပါကရလိုကြောင်းဆန္ဒပြုသည်။

အခြားတစ်ဖက်တွင် “ချေးတော့ လွယ်တယ်၊ များများယူထားရင် ပြန်ဆပ်တဲ့ အချိန်မှာ စိုက်ပျိုးသီးနှံက အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရင်တော့ တော်ပါရဲ့၊ သီးနှံကလည်း မအောင်မြင်၊ စျေးကလည်း မကောင်းရင်ရှိတာတွေရောင်းပြီး ဆပ်နေရဦးမယ်”ဟု တွေးတော ရင်လေးသလိုလို၊ နှစ်သိမ့်ဖြေသာသလိုလို ပြောဆိုသူလည်း ရှိနေ၏။ သို့သော် ရနိုင်မည်ဆိုလျှင်မူ အဆင်ပြေနိုင်ကြောင်းလည်းမတင်မကျ ပြောပြန်သည်။

“လယ်သမားတွေက တစ်ဧကကို ၃ သိန်း ပေးရင်လည်း လောက်မှာ မဟုတ်ဘူး။ ပေးရင် ပေးသလောက် ယူနေဦးမှာပဲ။ဆပ်တဲ့အခါကျရင် ဒုက္ခဖြစ်ကြမယ်” ဟု ဘီလူးကျွန်း၊တော်ပွန်ဒေသခံ လယ်သမား ဦးပုလင်းက ကြိုတွေးပူပြီး အချင်းချင်းဟန့်သည်။

ချေးငွေထုတ်ယူရာတွင် ယခင်နှစ်က ကဲ့သို့ တောင်သူ တစ်ဦးချင်း ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကိုဘဏ်သို့အပေါင်အဖြစ်ပေးအပ်၍တောင်သူ တစ်ဦးချင်း ကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ထုတ်ချေးပေးခြင်းလည်း ဖြစ်သည်။

“စိုက်ပျိုးစရိတ်ချေးဖို့ ပုံစံ ၇ စာအုပ်ပေးထားရတာ၊ အစိုးရမှာ။ စိုက်ပျိုးစရိတ်ချေးငွေအတွက် အပေါင်ခံထားရတာနဲ့ အတူတူပါပဲ။ ဒီမှာ ပေါင်ထားရင်တခြားမှာ ပေါင်လို့ မရတော့ဘူးပေါ့”ဟုသာ လယ် ၇ ဧက စိုက်ပျိုးလုပ်ကိုင်သူ ဦးပုလင်းက ရိုးရှင်းစွာပြော၏။

“နဂိုကဆို ဘဏ်မှာ ငွေချေးရင် ပုံစံ ၇ ကို မိတ္တူပဲ ပေးလို့ရတယ်၊ အရင်နှစ်ကစလို့ မူရင်းပဲ အစိုးရက ယူတော့တချို့လည်း အခက်ကြုံကြတာပေါ့။ ဘာလို့ဆို သူတို့က ဒီပုံစံ ၇ နဲ့ပဲ အပြင်မှာလည်း ငွေချေးကြတာမျိုး ရှိတာကိုး။  အဲဒီလို ပုံစံ ရကို မူရင်းပဲ ပေးရလို့ ချေးငွေမယူတာတွေလည်း မနှစ်က ရှိခဲ့တယ်” ဟု ချောင်းဆုံဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

၂၀၁၉ မိုးချေးငွေ ထုတ်ချေးရေးကာလမှာ မေလမှ စက်တင်ဘာလကုန်ထိဖြစ်ပြီးပြန်လည်ပေးဆပ်ရမည့်ကာလကို ၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေယူထားသည့် လယ်သမားများအနေဖြင့် ချေးငွေများကို မိုးစပါးပေါ်ပြီးရိတ်သိမ်းရောင်းချပြီးသည့်အချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် ၁၀ရာခိုင်နှုန်း၊ ဇန်နဝါရီလတွင် ၆၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလတွင် ၁၀ ရာခိုင်နှုန်းနှင့် မတ်လတွင် ၂၀ ရာခိုင်နှုန်းပြန်လည်ဆပ်ပေးရန် သတ်မှတ်ထား
ကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မော်လမြိုင် ဘဏ်ခွဲက ထုတ်ပြန်ထားသည်ဟု သိရသည်။

လယ်သမားတို့မှာ မိုး စိုက်စရိတ်ချေးငွေအကျေဆပ်ချိန်နှင့် ဆောင်းသီးနှံပြန်ချေးယူချိန် ချိန်စက်တွက်ချက်ကာ ချေးငွေ သံသရာ လည်နေဆဲ အနေအထားလည်း ဖြစ်လေသည်။

ယခုအစိုးရကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေ နှုန်းထားကို တစ်ဧက ကျပ် ၁ သိန်းမှ ၁ သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် ကျပ် ၂ သောင်းမှ ၅ သောင်းသို့လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် ၅ သောင်းမှ၁ သိန်းသို့ လည်းကောင်း၊ ချေးငွေ
နှုန်းထား ၃ ကြိမ် တိုးမြှင့်ခဲ့ပြီး ဖြစ်သည်ဟု အစိုးရက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် စပါးစိုက်ပျိုးဧက ၁၇ ဒသမ ၉ သန်းခန့် ရှိပြီးအထွက်နှုန်း တန် ၂၅ ဒသမ ၆ သန်းခန့်ရှိကြောင်း အစိုးရထုတ်ပြန်ချက်အရသိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက ၁၅ ဒသမ ၂၉ သန်း ကျော်၊ နွေစပါးဧက ၂ ဒသမ ၆၁ သန်းကျော် စိုက်ပျိုးရန်လျာထားခဲ့ပြီး
၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန် အထိမိုးစပါးဧက ၁၅ ဒသမ ၀၈ သန်းကျော်စိုက်ပျိုးထားသည်။

အစိုးရက ချေးငွေ ပုံမှန်ထုတ်ပေးနေသလို ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်ချေးပေးနေခြင်းများလည်းရှိခဲ့ကြောင်းကြေညာ၏။ သို့စေကာမူ စပါးစိုက်ဧရိယာ တစ်ဧကလျှင် ချေးငွေ ကျပ်နှစ်သိန်းခန့် ရရှိနိုင်ရန်၊ လယ်ဧက စိုက်ပျိုးသလောက် စိုက်စရိတ်ချေးငွေ ရရှိနိုင်ရန်တော့ လယ်သမားအများစုက လိုလားမျှော်လင့်ကြသည်သာ။

“ဒီနှစ် ဧက ၂၀ လောက် စိုက်ထားတယ်၊ ခု ၁၀ ဧကအတွက် ချေးငွေရခဲ့တယ်။ လယ်ဧက ရှိသလောက် စိုက်စရိတ်ချေးငွေရရင် လယ်သမားတွေ အဆင်ပြေနိုင်တယ်”ဟု သထုံမြို့နယ်မှ လယ်သမား ကိုကျော်ဇင်ဦးက ဆန္ဒပြုလိုက်လေသည်။    ။

မြတ်သွင်ဦး၊ လွတ်လပ်မောင်

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်