အပူပေါ် အပူဆင့်ခဲ့သော ဖခင် တစ်ဦး၏ သောက

6
data-language="en">

နံနက်ခင်း ထွက်ပေါ်လာသောနေနှင့်အတူ ဦးအောင်ဝင်းတစ်ယောက်လည်း ပေါက်ပြားတစ်လက်ထမ်းကာနေအိမ်မှထွက်လာသည်။ သူ၏ လုပ်လက်စအလုပ်ဖြစ်သော ရေတွင်းတူးရန် ပေါက်ပြားထမ်း၍ ထွက်လာခြင်းဖြစ်သည်။

ဦးအောင်ဝင်းသည် ဇနီးသည်သေဆုံးခဲ့ပြီးနောက် တစ်ပင်လဲမူတစ်ပင်ထူသည့်စကားပုံအရကော့ခပုံကျေး ရွာနေ ဒေါ်အေးမူနှင့်အိမ်ထောင်ကျကာ သား  (၃) ဦးနှင့် သမီး (၁) ဦးထွန်းကားခဲ့သည်။ ယင်းပြင် ယခင်အိမ်ထောင်မှပါလာသော အသက် (၂၅)နှစ်အရွယ်သားတစ်ယောက်လည်းပါ
လာခဲ့ပြီး အတူတကွနေထိုင်နေကြပါသည်။

ဦးအောင်ဝင်း၏ မိသားစုမှာနေ့စားအလုပ်သမား ဘဝဖြင့် လောကဓံကို ကြံ့ကြ့ံခံ အန်တုကာ အဆိုးအကောင်း မျှဝေခံစားခဲ့ကြသည်။

သူသည် မိသားစုစားဝတ်နေရေးအတွက်မနက်မိုးလင်းချိန်ရောက်တိုင်း ပေါက်တူးတစ်လက်ဖြင့် နေအိမ်မှ ထွက်ခွာသွားပြီး အလုပ်သိမ်းချိန်မှနေအိမ်သို့ ပြန်လာသည်။ သူ၏ မိသားစုစားဝတ်နေရေးအတွက်သာ ရုန်းကန်နေရသော ဦးအောင်ဝင်း အဖို့နေအိမ်၌ဖြစ်ပျက်သည့်ကိစ္စများကို မသိခဲ့ပေ။သူ၏နေအိမ်သို့ ဝင်လာမည့် ဂြိုလ်ဆိုးကိုလည်း သူမမြင်ခဲ့။

data-language="en"

တစ်နေ့တွင် ဦးအောင်ဝင်း တစ်ယောက်  အလုပ်ကအပြန် ညနေလေးနာရီအချိန်ခန့်တွင် လူနှစ်ယောက်သူ့ကို လာရောက်ခေါ်ဆောင်သွားသည်။ ဘာကြောင့် ခေါ်ဆောင်ရသည်ဆိုသောအကြောင်းအရာကို ဦးအောင်ဝင်း တစ်ယောက် ဂဃနဏ မသိခဲ့။

သို့သော် သူရောက်သွားခဲ့သောနေရာသည်ကား မုဒုံမြို့မရဲစခန်းဖြစ်နေလေသည်။

“ရုံးရှေ့ရောက်တော့ ဘာမှမသိ၊ဘာမှမပြောဘဲ စခန်းမှူးရဲ့ နှစ်ချက်ထိုးခံလိုက်ရတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

ထိုသို့ အထိုးခံရပြီးနောက်တွင် ရဲစခန်းအတွင်းက ထိုင်ခုံတစ်ခုမှာဦးအောင်ဝင်းတစ်ယောက်ထိုင်နေပြီး ရဲစခန်းကတာဝန်ရှိသူများကမူအသက်(၂၅) နှစ်အရွယ် သူ၏ သားဖြစ်သူကိုအချုပ်ခန်းထဲမှခေါ်လာလေသည်။

သူ၏သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် အဘိုင် (ခ)  ပိုင်စိုးသူ မှာ တစ်အိမ်တည်းနေ အဖေတူအမေကွဲ အသက်၁၂ အရွယ် ညီမဖြစ်သူကို အဓမ္မပြုကျင့်မှုဖြင့် ယင်းအချုပ်ခန်းသို့ ရောက်နေခြင်းပင်။

ထိုအမှု မှန်မမှန် မုဒုံမြို့မစခန်းမှူးက ဦးအောင်ဝင်းကို သားဖြစ်သူပိုင်စိုးသူထံ မေးမြန်းကြည့်ရန် ပြောသောအခါ …အချုပ်ခန်းအတွင်းမှ ရဲများနှင့်အတူထွက်လာသော ပိုင်စိုးသူ ကမူသူအဖေ ဦးအောင်ဝင်းကို အမှန်တိုင်းဝန်ခံခဲ့လေသည်။

ဦးအောင်ဝင်း၏ မိသားစုအပေါ် ကျရောက်လာသော သောကမီးတို့ကိုပိုမိုရတက်ပွေစေမည့် ပထမဆုံးစကားကြားရသည့်အချိန်ကိုမူ ဦးအောင်ဝင်းကအောက်ပါအတိုင်းပြန်ပြောင်းပြော
ပြသည်။

“စခန်းမှူးကပြောတယ်၊ ဒီကိစ္စဖြစ်တာ နင်မယုံရင် နင်သား ဖြစ်လား မဖြစ်လား နင်ကိုယ်တိုင်မေးကြည့်တဲ့၊ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန်မေးတာပေါ့၊ သား ကိုယ့်ညီမပဲ ဘယ်လိုဖြစ်လို့ လုပ်တာလဲ၊ အဲဒီလိုမေးတော့  အဖေသားက နှစ်ခါသုံးခါလုပ်တယ်။ ဘာဖြစ်လဲ။ သားက အဲဒီ
လိုပြောတယ်” ဟု အက်ကွဲသော အသံတို့ဆိုလေသည်။

ယင်းသို့ မေးမြန်းမှုပြုလုပ်ပြီးနောက်တွင်မူ မုဒုံမြို့မစခန်းမှူးရုံးခန်းအတွင်းသို့ဝင်ရန် ခေါ်သွားကာ “လာခဲ့နင်နဲ့ စကားပြောမယ်တဲ့၊ ရုံးခန်းထဲရောက်တော့ သူပြောတယ်။ မင်းမှာ ပိုက်ဆံနှစ်သိန်းမရှိဘူးလားတဲ့”ဟုမြို့မစခန်းမှူးမှ ဦးအောင်ဝင်းကို မေးမြန်းခဲ့လေသည်။

သားအရင်းဖြစ်သူ ကိုယ်တိုင်ကဦးအောင်ဝင်း၏နောက်အိမ်ထောင်နှင့်မွေးဖွားခဲ့သော ရင်နင့်သည်းချာ  ၁၂  နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်သည်ဟုကြားရသိရပြီးနောက် ငွေကြေးနှစ်သိန်းဆိုသော အပူရတက်မီးသည်ကား  ဦးအောင်ဝင်း ခေါင်းပေါ်သို့ထပ်
ဆင့်တင်လိုက်သလိုပင်ဖြစ်လာလေသည်။

ဦးအောင်ဝင်းတို့ မိသားစုသည်တစ်နေ့လုပ် တစ်နေ့စား ဘဝဖြစ်နေသည့်အတွက် ပိုက်ဆံနှစ်သိန်းဆိုသည်မှာ မည်သို့ရှာရမည်ကို အခက်အခဲကြုံလာရသည့်အတွေးများဖြစ်ပေါ်လာသည်။

“ ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတော့ ပိုက်ဆံနှစ်သိန်းဘယ်ကရမလဲ၊ အဲဒါဆိုရင် တစ်သိန်းပေး၊ တစ်သိန်းလည်း မပေးနိုင်ဘူးလားတဲ့ သူပြောတယ်”ဟု မုဒုံမြို့မရဲစခန်းကဖြစ်ခဲ့သည့် ဖြစ်စဉ်ကို ပြောပြနေသည်။

မုဒုံမြို့မစခန်းမှူးက ပိုက်ဆံတစ်သိန်းကိုလိုချင်သည့်အတွက် ဦးအောင်ဝင်းက ပေးရန် ကတိပေးခဲ့သည်။

ဦးအောင်ဝင်းသည် မုဒုံမြို့မရဲစခန်းမှ ကော့ခပုံကျေးရွာသို့ အတွေးပေါင်းများစွာနှင့်ခြေလျင်ဖြင့်  (၃) နာရီကျော်ကြာ အိမ်ပြန်လာခဲ့ရသည်။

မနက်မိုးလင်းချိန်မှ ၉ နာရီအထိငွေကျပ်တစ်သိန်းကိုလိုက်ချေးနေသော်လည်း အဆင်ပြေမှုမရှိသည့် အချိန်မှာပင်ကော့ခပုံကျေးရွာ ရာအိမ်မှူး ဦးမြင့်မှ  ငွေကျပ်တစ်သိန်းကို မုဒုံမြို့မစခန်းမှူးသို့ပို့ပေးရန် လာရောက်ပြောဆိုခဲ့သည်။

“ဦးမြင့် ကျွန်တော်မှာ ပိုက်ဆံမရှိသေးဘူး၊ ခဏနေဦး ကျွန်တော်လိုက်ရှာနေတယ်၊ မရသေးဘူး၊ အဲဒီလိုပြောလိုက်တော့ (ဦးမြင့်) သူပြန်သွားတယ်”ဟု ဦးအောင်ဝင်းက  ပြောပြသည်။

ထိုသို့ အခက်ကြုံနေစဉ် ဦးအောင်ဝင်း တူးလက်စရေတွင်းမှာရေမထွက် ၍ လုပ်အားခလည်း အပြည့်အဝမရသေး။

“ဒီပိုက်ဆံတစ်သိန်းက  ရေတွင်းတူးလို့ရတာ မဟုတ်ဘူး။ စုထားတဲ့ပိုက်ဆံမဟုတ်ဘူး။ တစ်နေ့လုပ် တစ်နေ့စားပဲ  ဘယ်က ပိုက်ဆံစုလို့ရမလဲ၊ချေးလာရတယ်”ဟု ဦးအောင်ဝင်းကရှင်းပြသည်။

ချေးယူရရှိလာခဲ့သည့် ငွေကျပ်တစ်သိန်းကို မုဒုံမြို့မစခန်းမှူးထံပေးရန်အတွက် ချိန်းဆိုထားသည့်မနက်၉  နာရီကျော်လွန်နေသောကြောင့် မိမိကိုယ်တိုင် မသွားရဲဘဲ ကော့ခပုံကျေးရွာရာအိမ်မှူး ဦးမြင့်ကို ပေးခိုင်းခဲ့ သည်။

“ပိုက်ဆံရလာတော့ စခန်းမှူးပြောထားတဲ့အချိန်က ကျော်နေတော့ ကျွန်တော်မသွားရဲဘူး။ အထိုးခံရမှာကြောက်လို့ ဦးမြင့်ကို ပေးခိုင်းလိုက်တယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

ဦးအောင်ဝင်း သူ့သားသမီးများနှင့် အလုပ်ရှုပ်နေသောကြောင့် မုဒုံမြို့မစခန်းမှူးထံ ငွေကျပ်တစ်သိန်းပေးရန်မိမိကိုယ်တိုင်သွားရောက်ပေးခဲ့ကြောင်းကော့ခပုံကျေးရွာရာအိမ်မှူး ဦးမြင့်ကဆိုသည်။

“ရဲစခန်းရောက်တော့ စခန်းမှူးကမေးတယ်၊ ဘာလဲတဲ့ ပိုက်ဆံတစ်သိန်းလို့ အဲဒီစာပွဲပေါ်မှာပဲထားတဲ့၊ အဲဒီစခန်းမှူးစားပွဲပေါ်မှာပဲထားခဲ့တယ်”ဟုကော့ခပုံကျေးရွာ ရာအိမ်မှူးဦးမြင့်ကပြောသည်။

ယင်းညတွင်ပင် မုဒုံမြို့မစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းက အမှုကျူးလွန်သူနှင့် နစ်နာသူ ဖခင်ထံ ငွေကျပ်တစ် သိန်းတောင်းသည့်ကိစ္စ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက်တွင် မုဒုံမြို့မစခန်းမှူးက ခရီးသွားရမည်ဟုဆိုကာ အကြောင်းကိစ္စတစ်စုံ
တစ်ရာမှာကြားစရာရှိကြောင်း စခန်းသို့လာပေးရန် ကော့ခပုံကျေးရွာ  ရာအိမ်မှူး ဦးလွန်ကျုံကို ဖုန်းဆက်ခဲ့သည်။

ယင်းနောက် ငွေကျပ်တစ်သိန်းနှင့်ဆိုင်ကယ်သော့ကို ဦးအောင်ဝင်းထံပြန်အပ်ပေးရန် မုဒုံမြို့မစခန်းမှူး ကပေးသောကြောင့် ဦးအောင်ဝင်းကို ရှာမတွေ့ခဲ့သည့်အတွက် ရာအိမ်မှူး ဦးမြင့်ကို ဖုန်းဆက်ခေါ်ကာ အိမ်သို့လာရေန်ပြောဆိုခဲ့ကြောင်း ကော့ခပုံကျေးရွာ ရာအိမ်မှူး ဦးလွန်ကျူံက
ရှင်းပြသည်။

”မနက်ကျရင် ဦးအောင်ဝင်းနဲ့ဦးမြင့် ကျွန်တော်အိမ်ကို တစ်ချက်လာပါလို့ ပိုက်ဆံတစ်သိန်းနဲ့ ဆိုင်ကယ်သော့ပါစခန်းမှူးကပေးလာတယ်လို့ ဖုန်းခေါ်ပြီး ပြောလိုက်တယ်။ မနက်ရောက်တော့ သူတို့ ဒီရောက်တော့သူတို့မယူဘူး”ဟု ဦးလွန်ကျုံက  ဆိုသည်။

အဆိုပါ ငွေကျပ်တစ်သိန်းကို ကာယကံရှင်ကလက်မခံသည့်အတွက်ရာအိမ်မှူးဦးမြင့်မှ စခန်းမှူးထံထပ်မံသွားပို့ပေးရန်ပြောဆိုခဲ့ကြောင်း ဦးလွန်ကျုံက ပြောသည်။

“ဒီပိုက်ဆံက သူပြန်ပေးတယ်။ ဒါပေမယ့် ပြန်မယူဘူး။ ကိုယ်က မရှိတဲ့ လူတော့မှန်တယ်။ ဒီပိုက်ဆံက သူလိုချင်လို့ ပေးခဲ့တယ်။ အမှုက ပေါ့လားဘာလား အဲဒါလဲ ကျွန်တော်မသိဘူး”ဟု ဦးအောင်ဝင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မုဒုံမြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းကိုမေလ ၂၂ ရက်နေ့ကစ၍ စုံခုံဖွဲ့စစ်ဆေးခဲ့ကာ လက်ရှိအချိန်တွင် ခရိုင်နှင့်ပြည်နယ်ကိုဆက်လက်တင်ပြထားကြောင်း သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာတွင် အဖေတူ အမေကွဲ အသက် (၂၅) နှစ်အရွယ် အစ်ကိုဖြစ်သူ ပိုင်စိုးသူက အသက် (၁၂) နှစ်အရွယ် ညီမဖြစ်သူအား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ခြင်းကြောင့် ပ (၂၂၄၀/၂၀၁၉) ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသို့ တစ်အိမ်တည်းနေ မိသားစုတစ်စုအတွင်းမှသက်ငယ်မုဒိမ်းမှုဖြစ်ပွားခြင်းကိစ္စရပ်ကြောင့်ဦးအောင်ဝင်းမှရတက်မအေးရသည့်ကြားကပင်  ယင်းအမှုကို ကိုင်တွယ်နေသော ရဲစခန်းမှူး၏ ငွေကြေးတောင်းခံခြင်းခံခဲ့သည်။

ဦးအောင်ဝင်း နှင့် အဓမ္မပြုကျင့်ခံရသူ သမီးငယ်သည်ကား ဥပဒေ၏အကာအကွယ်ကို မရခဲ့သည့်အပြင် တရားဥပဒေစိုးမိုးမှု လက်တစ်လုံးခြား ပြုမှုခံရရန်လက်တစ်ကမ်းအလိုသို့ ရောက်ရှိခဲ့သည်။

အလားတူပင် မကြာသေးမီက သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာတွင် ဘိန်းစာရွက်ဖမ်းမိကာ သံဖြူဇရပ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးကငွေကျပ် (၁၀) သိန်းတောင်းယူပြီး ကာယကံရှင်မှ ငွေကျပ် (၆) သိန်းပေးခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့လေသည်။

ထိုသို့ကြုံနေရသည့်ကြားကပင်ဦးအောင်ဝင်းသည်ကား လောလောလတ်လတ်ဖြေရှင်းရမည့် အပူအပင်ဖြစ်သောမိသားစုစားဝတ်နေရေး အတွက် တူးလက်စ ရေတွင်းကို ရေထွက်သည်အထိ တူးရန်  ပေါက်ပြားထမ်း၍ မနက်တိုင်း အလုပ်ဆင်းနေဆဲပင်။

အောင်မြတ်

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်