မိုးရာသီရေဘေးသင့် သံသရာ က ဘယ်လိုရုန်းထွက်မလဲ

5
data-language="en">

မိုးရေချိန် မြင့်တက်လာခြင်း၊ သံလွင်မြစ်ရေ စိုးရိမ်ရေ အမှတ် ရောက်ရှိခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သောမိုးရာသီတွင် မွန်ပြည်နယ်တခွင် ရေဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရသည်။

မိုးရေချိန် စံချိန်တင်မြင့်တက်လာပြီးတောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် မော်လမြိုင်မြို့၏ကျက်သရေဆောင်ကျိုက်သန်လန်စေတီတော်  ရင်ပြင်နေရာ အချို့ နှင့် ဓာတ်လှေကား တို့ပါ ပျက်စီးမှုများရှိခဲ့သည်။

ယခုနှစ်ပိုင်းတွင်မွန်ပြည်နယ်၏နေရာတချို့တွင် မိုးရာသီအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်တို့ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။

၂၀၁၈ နှင့် ရေကြီးရေလျှံမှု

data-language="en"

ယမန်နှစ်၂၀၁၈ သည် ပြောစမှတ် တွင်အောင်ရေဘေးထူပြောခဲ့သော ကာလတစ်ခု ဖြစ်ခဲ့သည်။ ဇွန်လအစောပိုင်းက စတင်ကာ မွန်၊ ကရင်၊တနင်္သာရီဒေသတို့၌ နေ့စဉ်ရက်ဆက်နီးပါး မိုးသည်းထန်ခဲ့၏။ ယင်းနှစ် ဇွန်လလယ်တွင် သံလွင်မြစ်ရေ အတက်ကြမ်းချိန် ပင်လယ်ဒီရေထောက်ကာ နှစ် ၃၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်လမြိုင်၌ ရေကြီးရေလျှံခဲ့ရသည်။

များမကြာမီ ဇူလိုင်တတိယပတ်တွင်လည်း မြစ်ရေ၊ တောင်ကျရေ၊ပင်လယ်ဒီရေတို့စုဆုံကာ ဘားအံအပါအဝင် ကရင်ပြည်နယ်တစ်လွှားတွင် ယခင်က မကြုံစဖူးသော အနေအထားအထိ ရေကြီးရေလျှံမှု၊ ရေဖုံးလွှမ်းမှုများဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်။

အိမ်ရာ၊ အဆောက်အဦ၊ လမ်း၊တံတားပျက်စီးမှုပိတ်ဆို့မှုသတင်းများထပ်ထပ်ကြမ်းအောင် ဆိုရှယ်မီဒီယာအပါအဝင် စာနယ်ဇင်းစာမျက်နှာများထက်ဝယ် တွေ့မြင်ဖတ်ရှုခဲ့ကြရသည်။

သံလွင်မြစ်ရေမှာ နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း အမြင့်ဆုံးရေမှတ်သို့ ရောက်ရှိခဲ့သည်။  အတိအကျ ဆိုရသော် ယမန်နှစ် ဇူလိုင်လ၃၀ ရက် နံနက်ပိုင်းတွင် ၉၃၈ စင်တီမီတာဖြင့် ၅၃ နှစ်အတွင်း စံချိန်ချိုး လိုက်ခြင်းပင်။ ယင်းအချိန်တွင် မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်
အထက်သို့ လူတစ်ရပ်စာမက (၆ ပေခန့်) တွင် ကျော်လွန်နေခဲ့လေသည်။ မြစ်ရေမှာ အဆိုပါ အနေအထားတွင် လနှင့်ချီကာ တည်ရှိနေခဲ့၏။

ထိုနေ့မှာပင် ကရင်ပြည်နယ်ပြင်ပရှိ ဘီးလင်းမြစ်၊ စစ်တောင်းမြစ်၊ရွှေကျင်မြစ်၊ ပဲခူးမြစ်တို့မှာလည်း မြို့အသီးသီး၏စိုးရိမ်ရေမှတ်အထက်တွင်တည်နေသည်။

သက်ရောက်မှုများ

ဘီးလင်းမြစ်ရေက တောင်ကျရေနှင့်ပေါင်းကာ ရန်ကုန် – မော်လမြိုင်လမ်းပန်းဆက်သွယ်မှုကို လေးရက်တာ ခါးဆက်ပြတ်စေခဲ့သည်။ ရထားလမ်းမှာမူ သြဂုတ်ပထမပတ်ထဲရောက်ခါမှ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့၏။

“ရေကြီးရေလျှံမှုက ၂၀၁၈ မှာကတော့ ထူးထူးခြားခြား မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်ပါ ပါဝင်ပြီးတော့ပြောင်းလဲသွားတာပေါ့၊ ပြည်နယ်ထဲ ဒေသအတော်များများမှာကြီးကြီးမားမား ကြုံတွေ့လိုက်ရတာပေါ့” ဟုဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (မော်လမြိုင်)မှ ကိုဘိုဘိုဝင်းက
မှတ်ချက်ပြုသည်။

မုဒုံမြို့နယ် ကမာဝက်တိုက်နယ်ဒေသခံ ဒေါက်တာမောင်မောင်ဦးကလည်း ယမန်နှစ် အတွေ့အကြုံများအပေါ် “ရေကြီးတာက မိုးတွင်းခါဆိုကျွန်တော်တို့ဒေသမှာ ဖြစ်နေကြပါ။တောင်ပေါ်ချောင်းရေထိုးတဲ့ ဝါဆို၊ဝါခေါင်ဆို ကျွန်တော်တို့ဘက်မှာက ဒီရေလွှမ်းတယ်၊ ခဏပါပဲ။ ပြီးရင်ရေကပြန်ကျသွားတယ်။အဓိကပင်လယ်ရေပြန်ဆွဲ သွား တာပါတယ်။ရေတက်ရက်နဲ့ဆုံရင်တော့ပိုများတာပေါ့။ ဒါပေမဲ့ မနှစ်ကတော့အတော်ဆိုးတယ်။ ခါတိုင်း နှစ်ထက်ရေပိုတက်တယ်”ဟု ပြန်ပြောင်း ပြောပြသည်။

မွန်ပြည်နယ်ရှိ မိုးစပါး စိုက်ပြီးဧက ၆ သိန်း ၈ သောင်းကျော်အနက် ၇၄၅၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ရပြီး၄၉၁၄၀ ဧက ထိခိုက်ခဲ့ကြောင်း၊ ၃၁၆၅၇ဧကပျက်စီးခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။

ပြည်နယ်တွင် ၂၀၁၈ ဇွန် ၁၇ ရက်က တစ်ကြိမ်၊ ဇူလိုင် ၂၇ ရက်တွင ် တစ်ကြိမ် စံချိန်တင် မိုးရွာသွန်းမှုများနှင့်အတူ ထူးကဲဒီရေ မြင့်တက်မှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးသောင်းရွှေထံမှ သိရသည်။

“ဘေးသက်သာတာကတော့ မုဒုံနဲ့ရေးမြို့နယ်လောက်ပဲ မနှစ်က နည်းနည်း သက်သာခဲ့တယ်၊ ကျန်တဲ့မြို့နယ် တွေ အတော်များများ ထိတယ်။အဆိုးဆုံးကတော့ ဘီးလင်းနဲ့ ကျိုက်မရောက ရေကြီးရေလျှံမှုတွေ ပိုဖြစ်ခဲ့တာ တွေ့ရတယ်” ဟု သူကပြောသည်။

မော်လမြိုင်အပါအဝင် ဘီးလင်း၊ပေါင်၊ ကျိုက်ထို၊ သထုံ၊ ချောင်းဆုံ၊ကျိုက်မရော၊ သံဖြူဇရပ်မြို့နယ်များတွင် ရေကြီးရေလျှံမှု၊ ဒီရေတိုက်စားမှုများ ကြုံတွေ့ခံစားခဲ့ရပြီး မော်လမြိုင်မြို့  အထင်ကရ ကျိုက်သန်လန်စေတီတော် မြေထိန်းနံရံများ ပြိုကျမှုဖြစ်စဉ်အထိရှိခဲ့သည်။

စေတီကုန်းတော်ပြုပြင်မွမ်းမံနေမှု အခြေအနေနှင့် ပတ်သက်၍ စေတီတော် ဂေါပကအဖွဲ့ထံတွေ့ဆုံမေးမြန်းခဲ့ရာကုန်းတော်တွင်ဇုန် ၄ ခု ပိုင်းခြားသတ်မှတ်ဆောင်ရွက်နေသည့်အနက် ကုန်းတော်အရှေ့ဘက်ခြမ်းရှိ ဇုန် ၃ ခုကို လက်ရှိဆောင်ရွက်နေဆဲဖြစ်ပြီးအနောက်ဘက်ခြမ်း ဇုန် ၁ ခုမှာ ပြုပြင်ရန် တနံတလျားကျန်နေသေးဆဲဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

ယင်းသို့သော မြေပြိုကျခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ နေအိမ်အချို့ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး သေဆုံးသူ ၁၀ ဦး ရှိခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ်က ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော ရေဘေးအပေါ် ပံ့ပိုးမှုအနေဖြင့် “ရေဘေးအတွက်ဌာနကနေစားနပ်ရိက္ခာ တန်ဖိုးငွေ ၁၁၇၄ သိန်းကျော် ထောက်ပံ့ပေးခဲ့နိုင်ပါတယ်”ဟု ဦးသောင်းရွှေ ကပြောသည်။

မိုးအဝင်မှာဘာတွေပြင်ဆင်ထားသလဲ

ယခု ၂၀၁၉ မိုးကြိုရာသီတွင်ဌာနအနေဖြင့် စီမံဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ ယခုလို သိရသည်။

ဌာနက အရေးပေါ်ထုတ်ပြန်ဆောင်ရွက်ရန်အတွက်အထောက်အကူပြုပစ္စည်းများ ဖြန့်ခွဲထားရှိမှုမှာရေးနှင့်ဘီးလင်းရှိ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီများတွင် စက်တပ်လှေ ၁၅ စင်း၊ သထုံရှိ ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတွင် ၁ စင်း ၊ပေါင်း ၁၆ စင်းထားရှိကြောင်း သိရသည်။

သက်ကယ်အကျႌမှာ ပြည်နယ်အရန် အဖြစ် အထည် ၁၄၀၊ ဘီးလင်းရှိမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတွင် အထည် ၂၁၀ ၊ သထုံရှိ ခရိုင် သဘာဝဘေး စီမံခန့်ခွဲမှု    ကော်မတီတွင် အရန်အဖြစ် ၁၅ ထည် ဖြန့်ခွဲထားရှိသည်ဆို၏။

ယင်းအပြင် ပြည်နယ်အရန်အဖြစ် ချိန်းဆော ၂ လက်နှင့် မိုးကာတဲ ၅ လုံးရှိကြောင်း သိရသည်။

“သဘာဝဘေး အသိပညာပေး ဟောပြောဆွေးနွေးမှု ၆၃ ကြိမ်လုပ်ထားခဲ့တယ်။ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်တာတွေအနေနဲ့ ဆိုင်ကလုန်းမုန်တိုင်းအတွက် ၂ ကြိမ်၊ ငလျင်ဘေးအတွက် ၂ ကြိမ်၊ ရေဘေးအတွက် ၂ ကြိမ် လုပ်ဆောင်ထားခဲ့တာတွေရှိတယ်၊
နောက်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကို ၄ ကြိမ် ပို့ချထားတယ်”ဟုပြည်နယ်ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆို၏။

အရေးပေါ် ခိုလှုံရန် Shelter အဆောက်အဦ တည်ဆောက်ရန်ရှိနေကြောင်းလည်း ထပ်မံသိရသည်။

ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် လူ ၅၀၀ ဆံ့ Shelter ၂ လုံး တည်ဆောက်မည်ဖြစ်ရာအမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက တစ်လုံးလျှင် ရန်ပုံငွေ ကျပ်သန်း၁၀၀ စီ ခွင့်ပြုချက်ရရှိထားကြောင်းသိရသည်။

ချောင်းဆုံမြို့နယ် တော်ပွန်၊ဇီးကုန်း၊ဆယ်ပလာကျေးရွာသုံးခုတွင်ယင်းကို တည်ဆောက်ရန် အထက်ပါကော်မတီက ရန်ပုံငွေ ခွင့်ပြုချက်ချထားပေးပြီးဖြစ်သော်လည်း မဆောင်ရွက်နိုင်သေးချေ။ထပ်မံတွက်ချက် တင်ပြထားဆဲဖြစ်ကြောင်းယင်းဌာနထံမှသိရသည်။

အကြောင်းမှာ တည်ဆောက်ရေးသုံးပစ္စည်းများ ဈေးနှုန်း မြင့်တက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ အပြင်  ယခင် တွက်ချက်မှုတွင် မပါဝင်လိုက်ရသော ရေနှင့် လျှပ်စစ်မီး တပ်ဆင်ခြင်းတို့အတွက်ဟု ဆို၏။

မိုးကောင်းဦးမည့် ၂၀၁၉

အနောက်တောင်မုတ်သုံလေသည် ယခုနှစ် ၂၀၁၉ ဇွန်လ ပထမပတ်တွင်မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပြီးအောက်တိုဘာပထမပတ်တွင်နိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာရှိကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။

သို့ဖြစ်ရာ ယခုနှစ်တွင် မိုးဦးကာလသည် မုတ်သုံစဝင်သည့် နေ့မှ ဇွန်လကုန်ထိ၊ မိုးလယ်မှာ ဇူလိုင်၁ရက်မှ သြဂုတ်လကုန်အထိ၊ မိုးနှောင်းမှာ စက်တင်ဘာ ၁ ရက်မှ အနောက်တောင်မုတ်သုံလေနိုင်ငံတစ်ဝှမ်းလုံးမှပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်သည်။

မိုးဦးနှင့်မိုးနှောင်းကာလအတွင်းဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းသုံးကြိမ်စီဖြစ်ပေါ်နိုင်ကာတစ်ကြိမ်စီကပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းသိရ၏။ မိုးလယ်တွင် လေးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်မှာ မုန်
တိုင်းငယ်ဖြစ်နိုင်ခြေရှိကြောင်းသိရသည်။

သို့ဖြစ်၍ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလသုံးခုစလုံးတွင်မိုးရွာသွန်းမှုအခြေအနေမှာမွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ ကရင်ပြည်နယ်တွင် မိုးဦး၌ ရွာသွန်းမြဲအောက် လျော့မည်၊ မိုးလယ်နှင့် မိုးနှောင်းတွင် ရွာသွန်းမြဲထက်ပိုနိုင်သည်။

ခြုံငုံကောက်ချက်ချရသော် မြန်မာပြည်တောင်ပိုင်း မိုးကောင်းဦးမည်ဟု သုံးသပ်နိုင်သည့် အနေအထားပင်။

ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်

မွန်ပြည်နယ်တွင် ယခင်နှစ်လိုရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်နေကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးမြင့်ဦးက မေလလယ်တွင် ဟင်္သာကို ပြောသည်။

“ကျွန်တော်တို့ ရပ်ကွက်တွေထဲမှာ ရေမြောင်းတွေ တူးထားပြီးသွားပြီ။ ရေလျှံတာတွေတော့ သက်သာသွားလိမ့်မယ်၊ ရေစီး ရေလာကောင်းလာပြီပေါ့” ဟု ၎င်းကပြောသည်။

ကျန်ရှိနေသော ရေမြောင်းများကိုလည်း စည်ပင်သာယာရေးကော်မတီက နွေရာသီကတည်းက စတင်ပြီး ဆက်လက်တူးဖော်ပေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ရေကြီးမှု အန္တရာယ်ကျရောက်ပါကကူညီနိုင်ရန်ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်၊ ရေသန့်၊ အဝတ်အထည် စသဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှသိရှိရသည်။

ရပ်ကွက်အတွင်း မိုးလေများကြီးလာပါက ရက်ကွက်အုပ်ချုပ်ရေးမှူးများအနေနှင့် ချက်ချင်း အကြောင်းကြားပေးရန်မှာကြားထားပြီး သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက်လည်း ယင်းတို့အနေဖြင့် စီမံချက်ရေးဆွဲထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(မော်လမြိုင်)မှ ကိုဘိုဘိုဝင်းက ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းလိုသည်မှာ သက်ကယ်လှေ၊ သက်ကယ်အကျႌ အပါအဝင်ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ယခုထက်မက ဖြည့်တင်းသင့်သည်ဟု ဆိုသည်။

“လှေတွေ အလုံအလောက် ရှိဖို့တော့လိုတယ်၊ အခု ကျွန်တော်တို့ လက်ရှိ မြင်တွေ့နေရတာက လူ/ကယ်/ပြန်က လှူတဲ့ လှေရယ်၊ အရင် မီးသတ်ကရှိတဲ့ လှေရယ်ပဲ ရှိတယ်၊ ထပ်ဝယ်ထားတာကို ခုချိန်ထိ မတွေ့ရဘူး၊ ဒါတွေ (ရေကြီးရေလျှံမှု) ကနှစ်စဉ် ကြုံတွေ့လာရမယ့် အနေအထား
မျိုးရှိတဲ့အတွက် လှေတွေ ထပ်ဝယ်သင့်တယ်၊ လက်ရှိအနေအထားက   မလုံလောက်ပါဘူး”

ယင်းအပြင် ကယ်ဆယ်ရေးလှေများကို ထားရှိရာတွင်လည်း စနစ်တကျဖြစ်အောင် အကွာအဝေးတွက်ချက်ကြိုတင်သုံးသပ်ပြီး နေရာဖြန့်ကျက်ထားရှိရန် သူက ဆက်ပြောသည်။ ၎င်းနောက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီများတွင်လည်း ယမန်နှစ်က လက်ကျန်ရန်ပုံငွေအပြင် ထပ်မံဖြည့်ဆည်းထားရန် လိုအပ်ကြောင်း ယခင် လုပ်ဆောင်ပြီးခဲ့သည့် လူမှုကူညီရေးပရဟိတလုပ်ငန်းအတွေ့အကြုံအပေါ် မှီတည်၍ သူက အကြံပြုသည်။

“အရင် ရေဘေးမှာ ဘာမြင်လိုက်ရလဲဆိုတော့ ပြည်နယ်အစိုးရမှာ သက်ကယ်အကျႌ (Life Jacket) မရှိဘူး၊ အကုန်လုံးက ဘာကို တိုးသွားလဲဆိုတော့ လူ/ကယ်/ပြန်က ထောက်ပံ့တဲ့ ပစ္စည်းနဲ့ပဲ ရပ်တည်ရတယ် ”ဟုကိုဘိုဘိုဝင်းက ဆိုလေသည်။

ယခုအခါ မော်လမြိုင်မြို့နယ်ရှိ လူမှုကူညီရေး ပရဟိတ အသင်း ၆ ဖွဲ့မှာ  ချိတ်ဆက် ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများ ရှိနေပြီဖြစ်ကြောင်းလည်း ကိုဘိုဘိုဝင်းက ပြောပြသည်။

ယင်းသာမက မြို့နယ်ပြင်ပ ဒေသများမှအသင်းအဖွဲ့များနှင့်ပါအဆင့်ဆင့်ကွန်ရက်ဖွဲ့ ချိတ်ဆက် လုပ်ဆောင်ရန်သူတို့ ရှိနေကြောင်း သိရသည်။

မော်လမြိုင်မြို့ခံ သီရိမင်္ဂလာရပ်ကွက်နေသူ ဦးသောင်းထွန်းက ရေနုတ်မြောင်းများ ယခုထက် အားစိုက်လုပ်ဆောင်ပေးရန်တိုက်တွန်းလိုကြောင်း၊ ပြည်ထောင်စုအစိုးရကိုမူ ပြည်တွင်းရှိ မြစ်များအသီးသီး၏ စိုးရိမ်ရေမှတ်အတိုင်းအတာများကို လက်ရှိအခြေအနေနှင့် ဆီလျော် အပ်စပ်အောင်၊Update လုပ်ပြီးမပြီး မေးခွန်းထုတ် တိုက်တွန်းလိုကြောင်း ပြောသည်။

“ကျွန်တော်တို့အရပ်သားအမြင်ပေါ့လေ၊ ရေနုတ်မြောင်းတွေအပေါ်မှာ မြောင်းဖောက်ရုံတင်မဟုတ်ဘဲ Level လေး အညီလေးဖြစ်အောင်၊ ရေဆင်း မျှတကောင်းမွန်အောင် ချိန်ညှိ လုပ်ဆောင်စေချင်တယ်။ ဖောက်ပြီးရုံဆိုတော့လည်းမဖြစ်ဘူးပေါ့၊ တချို့နေရာတွေမှာဆို သာမန်လူတောင် မြင်ပါတယ်၊ အင်ဂျင်နီယာဆိုဒ်က ထားလိုက်ပါတော့”ဟု ဦးသောင်းထွန်းကအကြံပြု၏။

မြတ်သွင်ဦး

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်