စိတ်ဖိစီးမှုနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်း

2
data-language="en">

စိတ်ဖိစီးသော အလုပ်လုပ်နေ ရသူများ၊ စိတ်ဖိစီးသောဘဝပုံစံမျိုးမှာ ကျင်လည်နေရသူများ အသက်ကြီးလာသည့်အခါ ရေတို မှတ်ဉာဏ် ပျောက်ဆုံး နိုင်ခြေပိုများသည်။ စိတ်ဖိစီးသည့်အခါ ထွက်လာသော ကော်တီဇုန်း (cortisone) နှင့် ရေတိုမှတ်ဉာဏ်ကြားဆက်စပ်မှုကို အမေရိကန်နိုင်ငံအိုင်အိုဝါတက္ကသိုလ် သုတေသနအဖွဲ့က လေ့လာဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက် စိတ်ဖိစီးလေ ခန္ဓာကိုယ်ထဲမှာ ကော်တီဇုန်းဟိုမုန်းများများထွက်လေဖြစ်သည်။ ကော်တီဇုန်းသည် ရေတိုမှတ်ဉာဏ်အားနည်းသွားစေသည့် အဓိကလက်သည် ဖြစ်သည်။ ရေတို မှတ်ဉာဏ်ဆိုသည်မှာ မြင်လိုက် ကြားလိုက် သိလိုက်သည်များကို မြင်ပြီးပြီးချင်း၊ သိပြီးပြီးချင်း၊ ကြားပြီးပြီးချင်းမှာပင် ပြန်စဉ်းစားမရနိုင်တော့ဘဲ မေ့ပျောက်သွားခြင်းဖြစ်သည်။

ရေတိုတွင် စဉ်းစားမရသော်လည်း နောင်ကြာလာလျှင်ကား အကြောင်းတိုက်ဆိုင်သည့်အခါ ရေရှည်မှတ်ဉာဏ်အဖြစ် ပြန်မှတ်မိတတ်သည်မျိုးတော့ ရှိသည်။ငယ်ရွယ်စဉ်မှာ ရေတိုမှတ်ဉာဏ်ပျောက်ဆုံးခဲ့သော်လည်း စိတ်ဖိစီးမှုအောက်အနေများသူများကားကြီးလာသည့်အခါ အခြားသူများထက်ရေတိုမှတ်ဉာဏ် ပျောက်ဆုံးနိုင်ခြေများသည်ကို သုတေသနက တွေ့ရှိခဲ့သည်။

ကော်တီဇုန်း ပမာဏ အလွန်အမင်းမမြင့်တက်အောင် ထိန်းနိုင်ရေးသည် ရေတိုမှတ်ဉာဏ်မပျောက်ဆုံးအောင် ကာကွယ်ရေး အဓိကအချက် ဖြစ်သည်။ ကော်တီဇုန်း မတက်စေလိုလျှင်စိတ်မဖိစီးအောင် နေတတ်ဖို့ လိုမည်။

data-language="en"

ကော်တီဇုန်းသည် အဆိုးဘက်ချည်းတော့မဟုတ်။ ကော်တီဇုန်းသည် လူတစ်ယောက်ကိုဘဝစိန်ခေါ်မှုများ ရင်ဆိုင်နိုင်အောင်အသင့်ပြင်ပေးသည်။ သတိရှိနေအောင်နှိုးဆွပေးသည်။

အန္တရာယ် အခြေအနေအောက်မှ ရုတ်ချည်း ရုန်းထွက်နိုင်အောင် လူကိုအသင့်ပြင်ပေးထားသည်။ ရုတ်တရက်လန့်စရာကြုံလာလျှင်လူသည်ထိတ်ခနဲဖြစ်ကာ လွတ်ရာကို အလိုအလျောက် ခုန်ရှောင်မိတာမျိုးသည် ကော်တီဇုန်း၏ အစွမ်းဖြစ်သည်။

လူတစ်ယောက်အသက်ရှင်ရပ်တည်ရေးတွင်ကော်တီဇုန်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါသည်။

တစ်နည်းဆိုရလျှင် ကော်တီဇုန်းသည် အရေးပေါ်အခြေအနေအတွက် အလွန်အသုံးဝင်သော ဟိုမုန်းဟု ဆိုနိုင်သည်။ သို့သော် လူတစ်ယောက် ရေရှည် စိတ်ဖိစီးနေ၍ ကော်တီဇုန်းများတောက်လျှောက် ထွက်နေလျှင်ကား မကောင်းတော့။ လူကို အချိန်ပြည့်နိုးကြားအသင့် ဖြစ်နေအောင် ကော်တီဇုန်းက လုပ်ထားခြင်းကြောင့်  ကြာလာသည်နှင့်အမျှ လူ၏ခန္ဓာကိုယ်တွင် ဒဏ်ဖြစ်လာတော့သည်။

အရေးကြုံလာလျှင် အစာအိမ်သည် ညှစ်ထားတတ်သည်ဖြစ်ရာကော်တီဇုန်းကြာရှည်ထွက်နေခြင်းဖြင့် အစာအိမ်နာ အစာအိမ်ရောဂါဖြစ်လာတတ်သည်။

စိတ်ရှုပ်လာတတ်သည်။ ဝလာတတ်သည်။ သွေးတိုးလာတတ်သည်။ အခြားဘေးထွက် ဆိုးကျိုးများလည်း ရှိသည်။

ကော်တီဇုန်း တရိပ်ရိပ် မြင့်တက်လာသည်နှင့် အမျှ ရေတိုမှတ်ဉာဏ် အလုပ်လုပ်ရာ ဦးနှောက်အရှေ့ခြမ်းပိုင်းမှ  သတင်းပို့အချက်ပြ ဦးနှောက်ဆဲလ်များ ပို၍ သေဆုံးသွားကြသည်။ ဆီနပ်စ်များသည် ဦးနှောက်လုပ်ငန်းဆောင်တာများ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် သတင်းအချက်အလက်များ အပြန်အလှန်ပေးပို့သည့်တာဝန်ယူထားသလို၊ မှတ်သားထားသည်များ သိမ်းထားပေးခြင်း၊ လိုအပ်သည့်အချိန်ပြန်ထုတ်ပေးခြင်းများကိုလည်း ထိုအပိုင်းက လုပ်ပေးသည်။

လူတစ်ယောက်အသက်ကြီးလာသည်နှင့်အမျှ ရှေ့ပိုင်းဘဝတစ်လျှောက် စိတ်ဖိစီးစရာများကြောင့်  ထွက်ခဲ့သည့်ကော်တီဇုန်းများတိုက်စားမှုကြောင့် ဆီနပ်စ်များ လျော့ပါးပျောက်ဆုံးသွားကြသည်။ ထိုအခါ ရေတိုမှတ်သားနိုင်စွမ်း ပျောက်ဆုံးသွားရသည်။

အသက်ကြီးလာလေ ရေတို မှတ်ဉာဏ် ပျောက်ဆုံးလေမှာ ဓမ္မတာတစ်ခုလိုဖြစ်သော်လည်းဘဝတစ်လျှောက် စိတ်ဖိစီးမှုများခဲ့သူများကား အခြားသူများထက် စောစီးစွာ ရေတိုမှတ်ဉာဏ်ပျောက်ဆုံးတတ်သလို၊ ပျောက်ဆုံးမှုလည်း ပိုပြင်းထန်သည်။

ကော်တီဇုန်းကြောင့် အသက်ကြီးလာသည့်အခါ ရေတိုမှတ်ဉာဏ် ပိုဆိုးဝါးစွာထိခိုက်နိုင်ပုံကို ဖော်ထုတ်ထားနိုင်ရာ  မည်သို့ကာကွယ်လျှင် ရေတိုမှတ်ဉာဏ်တာရှည်တည်မြဲမည်ကိုပါ ဆက်လက်ဖော်ထုတ်နိုင်ဖွယ်ရှိကြောင်း သုတေသန စစ်တမ်းက ရေးသားထားသည်။

အလုပ်ကြောင့် ရေရှည် စိတ်ဖိစီးနေသူများ၊ ချစ်ခင်သူများ သေဆုံးခြင်းကြောင့် ဘဝတစ်သက်တာတွင် မကြာမကြာဆိုသလို စိတ်ကျ စိတ်အားငယ်ကာ  စိတ်ဖိစီးရသူများစသည့် ကော်တီဇုန်း အထွက်များသူများကို ကော်တီဇုန်းအထွက်နည်းအောင် သဘာဝကျကျနည်းလမ်းဖြင့် လုပ်ပေးနိုင်မည်ဆိုပါက ထိုလူများ အသက်ကြီးသည့်အခါ  ရေတိုမှတ်ဉာဏ်ပျောက်ဆုံးခြင်းချိန် နောက်ရောက်သွားအောင်နှင့် ဆိုးဝါးမသွားအောင် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။

ဘဝတစ်လျှောက် စိတ်ဖိစီးစရာများကြောင့် ကော်တီဇုန်း ဒဏ်ခံခဲ့ရပြီး ရေတိုမှတ်ဉာဏ် ပျောက်ဆုံးခြင်းသည် အသက် ၆၅ နှစ်ခန့်တွင် လက္ခဏာ စတင်ပြသတတ်ကြောင်း သုတေသနက ဖော်ပြသည်။ အသက်ကြီး လာသည့်အခါ မှတ်ဉာဏ်လျော့နည်းလာခြင်းကိစ္စတွင် စိတ်ဖိစီးခြင်းကြောင့်ထွက်သည့် ကော်တီဇုန်းသည်အဓိကကျသည်မှန်သော်လည်းထိုတစ်ချက်တည်းကြောင့်ဖြစ်သည်ဟု မှတ်ယူဖို့မဟုတ်ဘဲ အခြားသောလူမှုစီးပွားနှင့် ကျန်းမာရေးအချက်အလက်များလည်းဆက်စပ်နေသေးကြောင်းကို သတိမူရမည်ဖြစ်ကြောင်းလည်း စစ်တမ်းက ရေးသားဖော်ပြထားသည်။

ဒေါက်ဦး(မွန်)

hintharmedia.com+1 more data-language="en" data-language="en">

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်